အကြောက်တရားနှင့်ကခုန်ခြင်း

Featured

အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ ဖြစ်ပါသည်။ ပြဿနာမစခင်အထိတော့ ထိုနေ့ သည်လည်း ပုံမှန်နေ့များလိုပင် အေးအေးချမ်းချမ်း ရှိနေခဲ့သည်။

 

ပြဿနာကို ဆရာမမတစ်ဦး က စတင်ပါသည်။ စာသင်ခန်းထဲ မှာ အလုပ်လုပ်နေရင်း သူမက နှာ ခေါင်းတရှုံ့ရှုံ့လုပ်သည်။ ကျောင်းသားများက ဘာဖြစ်လို့လဲဟု ဆရာမကို မေးသည့်အခါ သူမက ‘ဂက်စ်နံ့ရနေတယ်’ဟု ပြန်ဖြေ သည်။ တစ်ခန်းလုံး နှာခေါင်းတရှုံှု့ရှုံ့ လုပ်ကြတော့သည်။ ‘ဟုတ်တယ်။ ငါလည်း ဂက်စ်နံ့ တစ်မျိုးမျိုးရနေတယ်’ဟု အချို့က ဆိုသည်။ သိပ်မကြာခင်မှာပဲဆရာမက ခေါင်းတွေမူး၊ အသက်ရှူကျပ်လာပြီး မူးလဲမလိုဖြစ်လာ တော့သည်။

သတင်းက ချက်ချင်းဆို သလို အနီးအနားက စာသင်ခန်း တွေဆီကို ပြန့်သွားသည်။ ကျောင်းထဲမှာ ဓာတ်ငွေ့တွေ ပျံ့နှံ့နေပြီဟု သတင်းပေးကြသည်။ ကျောင်း သား၊ ကျောင်းသူအချို့ မူးမေ့လဲ ကျကြသည်။ ကျောင်းခန်းတွေထဲ က ထွက်ပြေးကြသည်။ နောက် ဆုံးတော့ တစ်ကျောင်းလုံးကို အရေးပေါ်ရွှေ့ပြောင်းကြရတော့သည်။

ကျောင်းသား အယောက် ၈၀ နှင့် ကျောင်းဝန်ထမ်း ၁၉ ယောက်ကို အနီးဆုံးဆေးရုံက အရေးပေါ်ကုသဆောင်မှာ တင် လိုက်ရသည်။ ကျောင်းအာဏာ ပိုင်အဖွဲ့က စုံစမ်းစစ်ဆေးမှုကြီး စတင်တော့သည်။ မီးသတ်ဌာန နှင့် ကျန်းမာရေးအရာရှိများက တစ်ကျောင်းလုံးကို ပိုက်စိပ်တိုက် စစ်ဆေးသည်၊ ရှာဖွေသည်၊ အနံ့ ခံသည်။

ထွက်လာသည့် အဖြေက တော့ ‘နိုး’ဖြစ်ပါသည်။ မည်သည့် ဓာတ်ငွေ့အနံ့မျှမရှိပါ။ ဘာဓာတ် ငွေ့မျှ ပျံ့နှံ့နေခြင်းမရှိပါ။ ဂက်စ်နံ့ ရသည်ဟုထင်သည့် ပထမဆုံး ဆရာမ၏ အကြောက်တရားက ကျန်သူများကို ကူးစက်သွားခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တင်နက်ဆီပြည်နယ် အထက်တန်းကျောင်းလေးမှာ ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်က စိတ် ပညာရှင်များအတွက် လေ့လာ စရာ သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါ သည်။

လူတွေ ဘာကိုကြောက်ကြ သလဲ၊ အကြောက်တရားတွေဆီ က ဘယ်သူတွေ အကျိုးအမြတ် ထုတ်ယူကြသလဲဆိုတာကို ဆွေး နွေးကြပါစို့…။

အကြောက်တရား၏ စွမ်း အားကို အကျွမ်းကျင်ဆုံး အသုံး ချနိုင်သူများကတော့ ကောက် ကျစ်သော နိုင်ငံရေးသမားများနှင့် အာဏာရှင်များဖြစ်သည်။

အာဏာရှင်အတွက် လက် စွဲကျမ်း (A Handbook for the Inspiring Dictator)ကို ရေးသား သူ အင်ဒရေဒီဂီလိုပီက အာဏာ ရှင်တစ်ဦးမှာ စိတ်ကူးကြီးကြီး တစ်ခု (Big Idea) ရှိရမည်ဟု ဆိုသည်။ လူအများစုက ကိုယ့် ဦးဆောင်မှုကိုလိုက်ပြီး ကိုယ်လုပ် သမျှကို ထောက်ခံဖို့အတွက် စိတ် ကူးကြီးကြီးရှိရမည်ဟု သူက ပြောသည်။

တကယ်တော့ အာဏာရှင် များ ထုတ်လုပ်သည့် စိတ်ကူးကြီး ကြီးများ၏ ဗဟိုချက်မမှာ တည်ရှိ သည့် အရာကတော့ သာမန်ပြည် သူများအကြားမှာ ပျံ့နှံ့လွယ်လေ့ ရှိသည့် အကြောက်တရားဖြစ်ပါ သည်။ အာဏာရှင်ဟစ်တလာက ဂျာမနီပြည်၏ စီးပွားရေးသည် ဂျူးများ၏ လက်ထဲမှာ ရောက်နေပြီဟု ကြွေးကြော်သည်။ လူ့အဖွဲ့အစည်း၏ လက်ရှိအခြေအနေအ ပေါ်ကို စိုးရိမ်နေသည့် သာမန် ပြည်သူအများစုကို အကြောက် တရားနှင့် သိမ်းသွင်းသည့် စိတ် ကူးကြီးကြီးဟုဆိုရမည်။ အလွန် အောင်မြင်သည့် စိတ်ကူးဖြစ်ပါ သည်။ ဂျူးလူမျိုးခြောက်သန်းခန့် သတ်ဖြတ်ခံခဲ့ရပါသည်။

စိတ်ဝင်စားစရာ ကောင်း သည်ကတော့ အရူးထသည့် စိတ် ကူးများကို ဘာကြောင့် သာမန် ပြည်သူများက အလွယ်တကူယုံ ကြည်ကြသလဲဆိုသည့် အချက် ဖြစ်ပါသည်။ အကြောက်တရား ကို လူအများစုက ဘယ်လောက် လျင်လျင်မြန်မြန် လက်ခံနိုင်သလဲ ဆိုသည့် နမူနာက Jaws ရုပ်ရှင် ဇာတ်ကားဖြစ်သည်။

ကမ္ဘာကျော် ဒါရိုက်တာစတီ ဗင်စပီးလ်ဘာ့ခ် ရိုက်ကူးသည့် Jaws ဇာတ်ကားသည် ပင်လယ် ကမ်းခြေတစ်ခုမှာ အပန်းဖြေရေ ကူးသူများကို ကိုက်ဖြတ်စား သောက်သည့် လူသားစား ငါးမန်း ဖြူကြီးတစ်ကောင်အကြောင်း ဇာတ်လမ်းဖြစ်ပါသည်။ ထိုဇာတ် ကားကို ၁၉၇၅ ခုနှစ်မှာ ရုံတင် သည့်အခါ ဝင်ငွေစံချိန်တင်ခဲ့ပြီး ထိုအချိန်က ရုပ်ရှင်ပရိသတ်များ အကြားမှာ ရေပန်းအစားဆုံး ဇာတ်ကားဖြစ်ခဲ့သည်။ ပြဿနာ ကတော့ ၁၉၇၅ ခုနှစ် နွေရာသီမှာ ထိုဇာတ်ကားကြည့်အပြီး ပင် လယ်ကမ်းခြေ အပန်းဖြေစခန်း များကို ဘယ်သူမျှ မလာကြတော့ ခြင်းဖြစ်ပါသည်။ ရုပ်ရှင်ထဲက ငါးမန်းဖြူကြီးကို ကြောက်စိတ်က ကမ်းခြေ စီးပွားရေးလုပ်ငန်းများ ကို အကြီးအကျယ်ထိုးနှက်ခဲ့ သည်။

(ယခုဆောင်းပါးကို ရေးသူ အပါအဝင်) Jaws ဇာတ်ကားကို ကြည့်ဖူးသူ အတော်များများမှာ ရေထဲဆင်းသည့်အခါ ဇာတ်ကား ထဲက ငါးမန်းဖြူကြီးကို မေ့ထားနိုင် ဖို့ အတော်ကြိုးစားကြရပါသည်။ တကယ်တော့ ရေထဲဆင်းလည်း စိုးရိမ်ပူပန်ရမည်က ငါးမန်းဖြူ များ မဟုတ်ပါ။ ရေနစ်သေမှာကို ကြောက်ရမည် ဖြစ်ပါသည်။ သုတေသနပြုလုပ်ချက်များအရ ငါးမန်းအကိုက်ခံရနှုန်းသည် လူ ပေါင်း ၁၁ ဒသမ ၅ သန်းတွင် တစ်ဦးသာရှိသည်။ ရေနစ်သေနိုင် သည့်နှုန်းက ငါးမန်းကိုက်ခံရနိုင် သည့်နှုန်းထက် သုံးဆပိုများပါ သည်။ မိုးကြိုးပစ်ခံရနိုင်သည့်နှုန်း ကတော့ အဆ ၃၀ ပိုများသည်ဟု ဆိုသည်။

သို့သော် လူအများစုက တော့ ကမ္ဘာပေါ်မှာ မျိုးတုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငါးမန်းဖြူများကိုသာ ပိုမိုကြောက် ရွံ့ကြပါသည်။

ကြောင်းကျိုးဆက်စပ်မှုမရှိ သည့် အကြောက်တရားကို နှိုးဆွ ပြီး နိုင်ငံရေးအမြတ်ထုတ်သည့် နမူနာကတော့ ဒေါ်နယ်ထရန့်နှင့် အမေရိကန်ပြည်ထောင်စုဖြစ်ပါ သည်။

အကြမ်းဖက်ဝါဒက အမေရိ ကန်နိုင်ငံကို ခြိမ်းခြောက်နေပြီဆို သည့် တပ်လှန့်သံက ဒေါ်နယ် ထရန့် မဟာဗျူဟာများထဲက တစ်ခုဖြစ်သည်။ မဲဆန္ဒရှင် ပြည် သူများ၏ ထက်ဝက်နီးနီးက သူ့ကို မဲပေးရွေးချယ်ခဲ့ကြပါသည်။

ကိန်းဂဏန်းများကို လေ့လာကြည့်ကြရအောင်ပါ။ အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံ စိတ်ချရမှု ကောင်စီ (National Safety Council)၏ အစီရင်ခံစာ အရ နှစ်စဉ်အမေရိကန်နိုင်ငံသား ၆,၀၀၀ ခန့်သည် အမြင့်မှ ပြုတ်ကျပြီး သေဆုံးကြသည်။ အမြင့်မှ ပြုတ်ကျပြီး သေဆုံးနိုင်သည့်နှုန်းသည် အကြမ်းဖက်သမားလက်ချက်ဖြင့် သေဆုံးနိုင်သည့်နှုန်းထက် အဆပေါင်း ၃၅၃ ဆ ပိုမြင့်သည်။

၂၀၁၃ ခုနှစ်အတွင်း မိမိ ကိုယ်တိုင် ရေချိုးဇလုံ (Bathtub) အတွင်း ရေနစ်သေသူ အမေရိ ကန်နိုင်ငံသား ၄၆၄ ဦးရှိပြီး အကြမ်းဖက်သမား လက်ချက် ကြောင့် သေဆုံးသူ ၁၇ ဦးသာရှိ ခဲ့သည်။ ချစ်သူ (သို့) ခင်ပွန်း ယောကျ်ားများ သတ်၍သေကြရ သည့် အမျိုးသမီးများ၏ အရေအ တွက်က အီရတ်နှင့် အာဖဂန်နစ္စ တန်တွင် ကျဆုံးခဲ့ကြရသည့် အ မေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်း၏ နှစ်ဆနီးနီးရှိပါသည်။

သုတေသနပြုလုပ်ချက်များ ကို လေ့လာကြည့်လျှင် အကြမ်း ဖက်သမားလက်ချက်ကြောင့် သေဆုံးနိုင်သည့်နှုန်းထက် ကိုယ့်အန် ဖတ်ကိုယ်ဆို့ပြီး သေဆုံးနိုင်နှုန်း က ကိုးဆ၊ ကားတိုက်မှုမှာ သေ ဆုံးနိုင်သည့်နှုန်းက ၁,၀၄၈ ဆပို များသည်။

အံ့ဩစရာ အကောင်းဆုံး တွေ့ရှိချက်ကတော့ ရဲတစ် ယောက်ကြောင့် သေဆုံးနိုင်သည့်နှုန်းက အကြမ်းဖက်သမားတစ်ဦး ကြောင့် သေဆုံးနိုင်သည့်နှုန်းထက် ရှစ်ဆပိုများခြင်းဖြစ်ပါသည်။

ပြည်သူများ သတိထားကြရ ဖို့က အကြောက်တရားနိုင်ငံရေး (Politics of Fear) ဖြစ်ပါသည်။ နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် အကြောက်တရားကို အသုံးချ ခြင်းပါ။

‘အမိနိုင်ငံတော်ကြီး ပြိုကွဲ တော့မည်’၊ ‘တို့ဘာသာကို ခြိမ်း ခြောက်နေပြီ’၊ ‘တို့လူမျိုးကို ကာ ကွယ်ကြ’ဆိုသည့် ကြွေးကြော်သံ များကြားသည့်အခါ Jaws ဇာတ် ကားကိုကြည့်ပြီး ပင်လယ်ကမ်း ခြေမသွားရဲခဲ့ကြသူများကို သတိ ရသင့်ပါသည်။

အဆုံးသတ်အဖြစ် ပုံပြင် တစ်ပုဒ်ကို ပြောပါမည်။

တစ်ခါက အာဏာရှင်တစ် ဦး ကွယ်လွန်ခါနီးမှာ သူ့အရိုက် အရာကို ဆက်ခံနိုင်သည့် တပည့် နှစ်ဦးကို သူက ဆင့်ခေါ်သည်။ သူ့နေရာကို ဆက်ခံဖို့အတွက် စာ မေးပွဲစစ်မည်ဟု ဆိုသည်။‘‘မင်းတို့နှစ်ယောက် လှောင် အိမ်ထဲက ငှက်တစ်ကောင် ဒီလို လက်နဲ့ ၅ မိနစ်ကြာအောင် ဆုပ် ကိုင်ထားနိုင်ရမယ်၊ ငှက်လည်း မသေစေရဘူး။ ၅ မိနစ်ကြာ အောင် ကိုင်နိုင်တဲ့သူ ငါ့ရာထူးကို ရမယ်’’ အာဏာရှင်က ဆိုသည်။

တပည့် (၁)က ငှက်ကို လှောင်အိမ်က ထုတ်ယူသည်။ လွတ်သွားမှာကြောက်၍ တအား ဆုပ်ကိုင်ထားသည်။ အသက်ရှူ ကျပ်ပြီး ငှက်ကလေးသေသွား သည်။

တပည့် (၂)က ရှေ့ကလူကို သင်ခန်းစာယူသည်။ ငှက်ကလေး ကို ဖွဖွဆုပ်ကိုင်သည်။ ငှက်က အလွယ်တကူ ထွက်ပြေးလွတ် မြောက်သွားသည်။

အာဏာရှင်က ယမ်းပုံမီးကျ ဒေါသထွက်သည်။

‘‘အသုံးမကျတဲ့ကောင်တွေ၊ ဒီမှာကြည့် ငါလုပ်ပြမယ်’’

အာဏာရှင်က ငှက်ကလေး တစ်ကောင်ကို လှောင်အိမ်က ထုတ်လိုက်သည်။ ချက်ချင်းပဲ ငှက်မွေးတွေကို ဆွဲနှုတ်တော့ သည်။ အမွေးမရှိတော့သည့်ငှက် ကို သူ့လက်ဖဝါးပေါ်မှာ တင်ထား လိုက်သည်။ တဆတ်ဆတ်တုန် အောင် နာကျင်ပြီး ကြောက်ရွံ့နေ သည့် ငှက်ကလေးက ပျံလည်း မပျံနိုင်၊ ပျံလည်း မပျံရဲတော့ပါ။ အမွေးမရှိတော့၍ ချမ်းအေးနေ သည့် ငှက်ကလေးက လက်ဖဝါး ၏ အနွေးဓာတ်ကို ခံယူနေရ သည်။ အာဏာရှင်က လက်ချာ စပါတော့သည်။

‘‘မင်းတို့ အာဏာရှင်လုပ် မယ်ဆိုရင် ‘အကြောက်တရား’ ကို အသုံးချနိုင်ရမယ်။ လူတွေကို ကြောက်အောင်လုပ်၊ လူတွေက မင်းတို့ကို မှီခိုလာလိမ့်မယ်’’

ပုံပြင်က သည်မှာ အဆုံး သတ်ပါသည်။

ကျွန်တော်တို့ အမှန်တကယ် ကြောက်သင့်သည်က အကြောက်တရားဖြစ်ပါသည်။ ။
By- ရဲမိုး ( YJS ဦးရဲနိုင်မိုးဖြစ်ပါတယ်)
၂၄ ဧပြီ ၂၀၁၇
7 Day Daily News