အခိုင်မာဆုံးပြန်လည်တည်ဆောက်ရမည့် အနောက်ဘက်ခြံစည်းရိုးတံတိုင်း

Featured

ဖောင့်စာမမှန်ပါက ဒီနေရာမှနှိပ်ပေးပါ

 

MyanmarTimesမှကူးယူဖော်ပြပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရေးအတွက် ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ငွေကျပ် ဘီလျံ ၁၉၀ ကျော် အသုံးပြုခဲ့သော်လည်း ခိုင်ခံ့လုံခြုံသော နယ်စပ်ခြံစည်းရိုးအဖြစ်တော့ ရှိမနေသေးပေ။

 

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ထပ်မံဖြစ်ပွားပြီးနောက် အရေးတကြီးဆောင်ရွက်ရန် ကိစ္စတစ်ခုပေါ်ပေါက်လာသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား နယ်စပ်စည်း မျဉ်းတစ်လျှောက် ခိုင်ခံ့လုံခြုံသော ခြံစည်းရိုးကာရံရေးသည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်လာသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်မှာပင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ ရှိ လုံခြုံရေးရဲကင်းများကို Arakan Rohingya Salvation Army (ARSA) အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခံရမှုများနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသား ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အစ္စလာမ်ဘာသာဝင် ထောင်ပေါင်းများစွာလည်း တစ်ဖက်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ရခိုင်ပြည်နယ်လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် မေယုတောင်တန်းလမ်းကွန်ရက်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတရုံးက ယခုလ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ နယ်စပ်ခြံစည်းရိုး ကာရံရေးအတွက် ပထမအဆင့် ငွေကျပ် ဘီလျံ ၂၀ ကို လက်ငင်း ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို လုပ်ငန်းအပ်နှံဆောင်ရွက်စေမည်ဟု သမ္မတရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ၂၀ဝ၉-၁၀ ဘဏ္ဍာနှစ်မှ လက်ရှိ ဘဏ္ဍာနှစ်အထိ နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းနှင့် ဖြည့်စွက် ခွင့်ပြုငွေ စုစုပေါင်း ကျပ် ဘီလျံ ၁၉၀ ကျော်ကို ခွင့်ပြုပေးခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ငွေကျပ် ၆ ဘီလျံကျော် ခွင့်ပြုပေးခဲ့ပြီး ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂ ဘီလျံကျော် ထပ်မံခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟုလည်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအပြင် မေယုတောင်တန်း လမ်းကွန်ရက် ဖောက်လုပ်ရေး စီမံကိန်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံရေးကို ဦးစားပေးဆောင်ရွက်ရန် ပြီးခဲ့သည့်နှစ်ကတည်းက ဆုံးဖြတ်ချက်ခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နယ်နိမိတ်တိုင်းတာမှု မှတ်တမ်းများအရ မြန်မာ-ဘင်္ဂလားဒေရှ့်နှစ်နိုင်ငံအကြား နယ်နိမိတ်သည် ၁၆၈ ဒသမ ၅၇ မိုင်ရှိသည်။ ၁၂၆ ဒသမ ၆၇၈ မိုင်ကို ခြံစည်းရိုးကာရံထားပြီးဖြစ်ကာ ၄၁ ဒသမ ၈၉၂ မိုင် ကျန်ရှိ နေဆဲဖြစ်သည်။

နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူကုန်ကူးမှုကို တားဆီးကာကွယ်ရန် ရည်ရွယ်ပြီး နှစ်နိုင်ငံနယ်စပ်တွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀ဝ၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့သည်။ နတ်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက် ကီလိုမီတာ ၁၂၀ အနက် ၇၀ ခန့်ကို ကွန်ကရစ်အောက်ခံ၊ ကွန်ကရစ်တိုင်နှင့် သံဆူးကြိုး ပါဝင်သော ခြံစည်းရိုးအဖြစ် စတင်တည်ဆောက်ခဲ့သည်။

 

၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား သဘောတူညီချက်အရ နယ်နိမိတ်ပိုင်းခြားမှု သုည အမှတ်မှ ပေ ၁၅၀ အကွာတွင် နယ်စပ်ခြံစည်းရိုးတည်ဆောက်ရန် ဖြစ်သည်။

 

နယ်စပ်ခြံစည်းရိုး ကာရံတည်ဆောက်ခြင်းနှင့် ခြံစည်းရိုးနှင့်အပြိုင် လမ်းမကြီးများ ဖော်လုပ်ခြင်းကို ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာတပ်ဖွဲ့က တာဝန်ယူ တည်ဆောက်ခဲ့သည်။ နယ်စပ်ခြံစည်းရိုး ချဉ်းကပ်လမ်းများ ဖောက်လုပ်တည်ဆောက် ခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာနက တာဝန်ယူခဲ့သည်။ ရခိုင်ပြည်နယ် တောင် – မြောက် လမ်းမကြီးများ တည်ဆောက်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ခဲ့သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းထွန်းညိုက ပြောသည်။

ယခုနှစ် သြဂုတ်လအတွင်း ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထုတ်ပြန်ခြင်းဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် နယ်စပ်ခြံစည်းရိုးကာရံရန် ၄၂ မိုင်နီးပါး ကျန်ရှိနေပြီး တည်ဆောက်ထားသည့် ခြံစည်းရိုးတွင် ပျက်စီးနေသည့်အပိုင်းများရှိနေကို မှတ်တမ်းဓာတ်ပုံ နှင့်တကွ ရှင်းလင်းဖော်ပြခဲ့သည်။

“ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ရသလောက်တော့ လုံးဝ မကာရသေးတဲ့အပိုင်းက နယ်ခြားမိုင်တိုင် ၆၇ ကနေ ၇၃ ထိပဲ” ဟု ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးဇော်မြင့်ဖေက ယခုလ ၁၈ ရက်တွင် ပြောသည်။

 

ယခုလ ၁၃ ရက်က ပြုလုပ်ခဲ့သည့် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားမိုင်တိုင်အမှတ် ၃၀ မှ ၄၇ ကြားထိ အပေါက်တွေ ရှိနေပြီး ကာရံရန်ကျန်ရှိနေသည့် မိုင် ၄၀ အပါအဝင် နယ်နိမိတ်မှတ်တိုင် ၁၄၆ ၏ တောင်ဘက် ပင်လယ်ပြင်ရေထွက်ပေါက်မြောင်းအပါအဝင် ခြံစည်းရိုးကာရံရန် ငွေကျပ် ငါးဘီလျံချထားပေးပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်စပ် ခြံစည်းရိုးကာရံရန် ကျန်ရှိနေရာ အတိအကျကို သိရှိနိုင်ရန် အစိုးရအဖွဲ့တာဝန်ရှိသူများကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာတွင် ကွဲပြားမှုများရှိနေသည်။

“ကျွန်တော်သိသလောက် ကျန်တဲ့အပိုင်းက တောင်ပေါ် ဒေသအပိုင်းတွေပါပဲ။ နောက် အလယ်သံကျော်ကနေ အငူမော်ထိအပိုင်းလည်း ကျန်နေတယ်လို့ပြောတယ်” ဟု နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဦးစိုင်းထွန်းညိုက ပြောသည်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲအထက်ပိုင်းမှ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံဆုံရာ နယ်နိမိတ်မှတ်တိုင်အထိ နယ်စပ်ခြံစည်းရိုးကာရံရန် ကျန်ရှိနေသည်ဟု ပြန်လည်ဖြေကြားမှုများ ရှိသကဲ့သို့ ခြံစည်းရိုးကာရံ ပြီးဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ် အဆုံးဖြစ်သည့် အလယ်သံကျော်ကျေးရွာမှ အငူမော်ထိ ကျန်ရှိနေသည်ဟု ဖြေကြားမှုများလည်း ရှိသည်။

“ကျွန်တော်တို့ကိုယ်တိုင်လည်း တိတိကျကျသိချင်လို့ ဘီအီးတပ်ကို (စစ်အင်ဂျင်နီယာတပ်ဖွဲ့) ကို တောင်းဖူးတယ်။ မရဘူး။ တိတိကျကျက သူတို့ပဲသိမယ်” ဟု မောင်တော ခရိုင်အုပ်ချုပ်ရေးမ·းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်စပ်ခြံစည်းရိုးကာရံရန် ကျန်ရှိနေသည့် မိုင် ၄၀ ကျော်၏ အတိအကျနေရာကို မသိရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့်အဖွဲ့သည် ယခုလ ၁၂ ရက်တွင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲကျေးရွာ သို့ရောက်ရှိပြီး ကာရံထားသည့် နယ်စပ် ခြံစည်းရိုး၊ ချဉ်းကပ်လမ်းနှင့် တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရန် မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့သည်။

“ကျွန်တော်တို့ ခုမြေပြင်ကွင်းဆင်းလေ့လာမှုတွေ လုပ်နေပြီ။ နှစ်လအတွင်းမှာ ဘာတွေကို ဦးစားပေးအကောင်အထည်ဖော်သွားမယ်ဆိုတာ ထွက်လာမယ်။ နယ်စပ်ခြံစည်းရိုးကာတဲ့ အပိုင်းကတော့ အချိန်မဆွဲဘဲ မြန်မြန် အကောင်အထည်ဖော်မယ်။ ဝန်ကြီးဌာနအားလုံးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်” ဟု ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

နယ်စပ်ခြံစည်းရိုးကာရံရေးအတွက် စေတနာရှင် ပြည်သူများ၏ အလှူငွေကို လက်ခံရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘဏ်အကောင့်ဖွင့်လှစ်ကာ အလှူငွေများ လက်ခံလျက်ရှိသော်လည်း ရရှိသည့်အလှူငွေ ပမာဏကို အတိအကျ မပြောနိုင်သေးကြောင်း၊ နောက်ပိုင်းတွင် တရားဝင်ထုတ်ပြန်ပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

နယ်စပ်ခြံစည်းရိုးမှာ ကာရံထားသည်ဟုဆိုသော်လည်း အားလုံးနီးပါး ပျက်စီးနေခြင်းဖြစ်ပြီး အမြန်ဆုံး ပြန်လည်ပြုပြင်ရန်လိုအပ်ကြောင်း၊ အရည်အသွေးမီသော ခြံစည်းရိုးကာရံမှုနှင့် အဆင့်မြှင့်တင်မှုဖြစ်ရန် လိုအပ်ပြီး တင်ဒါစနစ်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိဘဲ ယခင်အတိုင်းသာ ဆောင်ရွက်မည်ဆိုပါက အကြောင်းထူးခြားမည်မဟုတ်ကြောင်း မောင်တောဒေသမှ ရခိုင်အမျိုးသားပါတီအဖွဲ့ဝင် ဦးလှမြင့်က ပြောသည်။

“ကုမ္ပဏီတွေကို တင်ဒါပေးပြီး စနစ်တကျ လုပ်နိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် ဘာမှထူးမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးကို အမြန်ဆုံး ကာရံသင့်ပြီး နယ်စပ်ခြံစည်းရိုးတည်ဆောက်ထားမှုကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများကို ကြည့်ရှုစစ်ဆေး ခွင့်ပြုသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်နိုင်က ပြောသည်။

“လူဝင်လူထွက်ကို မရပ်နိုင်ဘဲနဲ့ နိုင်ငံသားကိစ္စကို မစဉ်းစားနိုင်ဘူး။ နိုင်ငံသားကိစ္စကို မစဉ်းစားနိုင်သရွေ့ ဒီပြဿနာတွေ ဆက်ရှိနေဦးမှာပဲ” ဟုလည်း ၎င်းက ပြောသည်။

နယ်စပ်ဒေသကို အင်အားခိုင်မာတောင့်တင်းအောင် လုပ်ဆောင်သင့်သော်လည်း ထိုလုပ်ဆောင်မှုသည် အမျိုးသား လုံခြုံရေးအတွက်သာဖြစ်သင့်ပြီး ဒေသခံမွတ်စလင်များကို ပိတ်ပင်တားဆီးမှုမျိုး မဖြစ်စေရန် လိုအပ်ကြောင်း၊ နယ်စပ်ခြံစည်းရိုးကာရံမှုအပေါ် လတ်တလောတွင် မှတ်ချက်ပေးရန် အချိန်စောလွန်းသည်ဟု မောင်တော မြို့မတောင်ရပ်ကွက်ဒေသခံ အာရှန်ဟူစိန်က ပြောသည်။

Credit to Myanmar Times