ခွန်တန်ဇာတ်လိုက်၏ ဇာတ်ညွှန်းမှ အသုံးတော်ခံများ

Featured

သာမညဆရာတော်ကြီး၏ ပုံတော်နှင့်အတူ ခန္ဓာကိုယ်တွင် ဆေးမင် ကြောင်ထိုးထားပြီး စွပ်ကျယ် ချိုင်းပြတ်ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး၏ ဓာတ်ပုံကို ဘုရားပလ္လင်ပေါ်တွင် ယှဉ်လျက်တင်၍ ပန်း၊ ရေချမ်းကပ်ထားသည်။ ပလ္လင်ပေါ်ရှိ ဓာတ်ပုံထဲမှ လူငယ်သည် ဂျစ်ကန်ကန်မျက်နှာပေးဖြင့် မတ်တပ်ရပ်နေသည်။
ပလ္လင်နှင့်မလှမ်းမကမ်း တစ်နေရာရှိ ပလ္လင်တစ်ခုပေါ်တွင်လည်း ဉာဏ်တော်သုံးပေခန့်မြင့်သော မြတ်စွာဘုရား ရုပ်တုနှင့်အတူ လက်တွင်ဆေးမင် ကြောင်ထိုးထားသော ကိုရင်တစ်ပါး၏ဓာတ်ပုံကိုတင်၍ လတ်ဆတ်လန်းဆန်းနေသော ဟော်လန်ပန်းအိုးနှစ်အိုးဖြင့် ပူဇော် ထားလေသည်။

ပလ္လင်ပေါ်ရှိ ဓာတ်ပုံပိုင်ရှင်သည် မိန်းမပျိုအချို့ကို ပန်းဦးခြွေ နေသည်ဟု အစိုးရနှင့် လူထုအ ကြား လတ်တလောမကောင်းသတင်းဖြင့် နာမည်ကြီးနေသည့် အသက် (၂၀)ကျော်အရွယ် ခွန်တန်(သို့) ဇာတ်လိုက်ဖြစ်လေ သည်။ ခွန်တန်သည် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံ တစ်ရာနယ်မြေတွင် နေထိုင်ပြီး ပျံလွန်တော်မူပြီးဖြစ်သည့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့ရ အလံတစ်ရာဆရာတော်ကြီးဝင်စားသည်ဟု ဒေသခံအများစုက ယုံကြည်နေကာ အလံတစ်ရာဆရာတော်ကြီးအဖြစ် မှတ်ယူကိုးကွယ်ခြင်းခံနေရသည်။ အလံတစ်ရာဆရာတော်သည် နောင်ပွင့်မည့်အရိမေတ္တေယျဘုရားလောင်းဟု ကိုးကွယ်သူများကြားတွင် နာမည် ကြီးခဲ့ပြီး ဆေးမင်ကြောင်များနှင့် ခွန်တန်ကိုလည်း ဘုရားလောင်းအဖြစ် ယုံကြည်နေသည်။ အလံတစ်ရာ သာသနာ့နယ်မြေမှ ဘုရားတန်ဆောင်းအချို့နှင့် နေအိမ်အချို့တွင် ခွန်တန်၏ ဓာတ်ပုံများချိတ်ဆွဲကိုးကွယ်ထားသည်ကို တွေ့ရသည်။ လက်နက်ကိုင်အဖွဲ့အချို့က အကာအကွယ်ပေးထားကာ မိန်းကလေးငယ်များကို ကာမလိမ်လည်ရယူခြင်းအပါအဝင် တရားဥပဒေမဲ့ လုပ်ရပ်များ ထင် တိုင်းကြဲလုပ်ဆောင်နေကြောင်း သတင်းထွက်နေသည့် ခွန်တန် (ခေါ်) ဇာတ်လိုက်အကြောင်း 7Day News ဂျာနယ်က သွားရောက်စုံစမ်းခဲ့သည်။

အလံတစ်ရာသာသနာ့နယ် မြေသည် သထုံမြို့နယ် ဇရစ် ချောင်ကျေးရွာအုပ်စုတွင် ပါဝင် နေသည်။ ဇရစ်ချောင်ကျေးရွာ အုပ်စုသည် သထုံ-ဘီးလင်းကား လမ်းဘေးတွင် ကပ်လျက်တည်ရှိ ပြီး သထုံမြို့ပေါ်နှင့် နှစ်မိုင်ခန့်သာဝေးသည်။ ယင်းကျေးရွာအုပ်စုတွင် ဗုဒ္ဓသစ္စာ၊ ဘိုးသိကြား၊ ဘိုးဘိုးအောင်၊ ဗြဟ္မာ၊ ဝိဇ္ဇာနှင့် ဘောဂရပ်ကွက်များ ပါရှိပြီး အိမ်ခြေ ၆၈၀ကျော်၊ လူဦးရေ ၁,၇၀၀ ကျော် နေထိုင်သည်။ ပအိုဝ်း၊ ကရင်နှင့် ဗမာတိုင်းရင်းသားအများစု နေ ထိုင်ပြီး ပအိုဝ်းတိုင်းရင်းသားများက လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေသည်။ ပအိုဝ်းတိုင်းရင်းသားများသည် အလံတစ်ရာဆရာတော် ကြီးဝင်စားသည်ဆိုသော ခွန်တန်ကို သက်ဝင်ယုံကြည်ကြသည်။ ကျန်မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်း အနည်းစုတို့မှာ ခွန်တန်ကို မယုံကြည်ကြပေ။
ယုံကြည်သူများ၏ ဘုရားလောင်း
‘‘ခွန်တန်ကို ကျွန်မတို့က အဘဘုရားလို့ပဲ ခေါ်တယ်။ အဘ ဘုရားက လူပြန်ဖြစ်တာ’’


အဘဘုရားဟု နာမည်ကြီး သော အလံတစ်ရာဆရာတော်ကို ကိုးကွယ်ခဲ့သည့် အသက် (၆၆) နှစ်အရွယ် ဒေါ်ခင်ရီက ခွန်တန်ကို ဆက်လက်ကိုးကွယ်နေသူဖြစ်ပြီး အထက်ပါအတိုင်းပြောသည်။
အတန်းပညာတစ်တန်းသာ တက်ခဲ့ရသော ဒေါ်ခင်ရီသည် ခွန်တန်အပေါ် ယုံကြည်မှုအပြည့်အဝရှိသည်ကို သူ၏ ရိုးသားသော စကားများက ပေါ်လွင်နေသည်။ သူ့အိမ်မှ ဘုရားစင်တွင် အလံတစ်ရာဆရာတော်ကြီး၏ ပုံတော် နှင့် ယှဉ်၍ သင်္ကန်းဝတ်ခွန်တန်၏ ဓာတ်ပုံကို ပန်း၊ ရေချမ်းတို့ဖြင့် ပူဇော်ထားသည်။ ဒေါ်ခင်ရီနှင့် ဆွေမျိုးတစ်စုသည် ဇာတ်လိုက်ဟု သူ့ကိုယ်သူ နာမည်ပေးထားသည့် ခွန်တန်ကို ကိုးကွယ်ယုံကြည်ပြီး ခွန်တန်အကြောင်း အမွှမ်းတင်၍ ခွန်တန်အကြောင်း စုံစမ်းရန် ရောက်လာသော ကျွန်တော့်ကို ရေပက်မဝင်ပြောလေသည်။
ခွန်တန်ကို အရိမေတ္တေယျ ဘုရားလောင်းဟု ယုံကြည်နေ သည့် ဒေါ်ခင်ရီ၏ ဆွေမျိုးတစ်ဦး က နောင်ပွင့်တော်မူမည့် အရိမေ တ္တေယျဘုရားရှင်သည် လက်ရှိအချိန်တွင် တုသိတာနတ်ပြည်၌ နတ်သားဖြစ်နေကြောင်း ကျမ်းဂန်များအရ သိရကာ ခွန်တန်အနေ ဖြင့် လူ့ဘဝတွင် ပါရမီဆင်းဖြည့် သည်ဟု ယူဆမိကြောင်း ပြော သည်။
အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပါက ကံ့ကော်ပွင့်များ သည် လှည်းဘီးခန့်ကြီးပြီး ဝတ်ဆံ များသည် တစ်ကမ္ဘာလုံးကို မွှေး စေမည်ဟု ကျမ်းဂန်တွင် မှတ်သား ဖူးကြောင်း သူကပြောသည်။ သစ် ပင်များက စကားပြောကာ လူတို့ သည် ယူဇနာပေါင်း မည်မျှပင် ဝေးသော်လည်း တစ်ဦးနှင့်တစ်ဦး မြင်တွေ့နေမည်ဖြစ်ကြောင်း ပြော ပြန်သည်။ မွေးဖွားလာသူများ သည် ယောက်ျားလေးဆိုပါက ငါး တောင်ခန့်အရွယ်အစားဖြင့် မွေးဖွားလာပြီး အသက်ကြီးပါက ဆယ် တောင်ခန့်အရပ်အမောင်းနှင့် မိန်း ကလေးဆိုပါက ငါးတောင်ခန့် အရွယ်အစားဖြင့် မွေးဖွားလာပြီး အသက်ကြီးပါက ရှစ်တောင်ခန့် အရပ်အမောင်းရှိမည်ဖြစ်ကြောင်း ပြောသည်။
ထိုသို့ ပြောပြီးနောက် အိမ်နံရံတွင် အားသွင်းထားသည့် ဖုန်းကိုသွားယူကာ ဖုန်းထဲမှဓာတ်ပုံ အချို့ကို ပြသသည်။ ဓာတ်ပုံတစ်ပုံတွင် အလံတစ်ရာဆရာတော် တည်ခဲ့သည့် ဉာဏ်တော် ၃၇၅ ပေမြင့် သည့် စေတီကြီး၏ ကိုယ်ထည်မှ ကြီးမားသော ပန်းပွင့်ပုံများကိုပြ၍ လှည်းဘီးခန့်ကြီးသည့် ကံ့ကော် ပွင့်များဖြစ်ကြောင်း ပြောသည်။ ကံ့ကော်ဝတ်ဆံများက တစ်ကမ္ဘာလုံးကို မွှေးပျံ့စေမည်ဆိုသည်မှာ ဘုရားကြီး၏ ဂုဏ်သတင်းမွှေးပျံ့ ခြင်းကို ဆိုလိုသည်ဟုပြောသည်။ သစ်ပင်များက စကားပြောမည်ဆို သည်မှာ ယခုခေတ်ကာလတွင် သစ်ပင်များပေါ်၌ အော်လန်များ တင်၍ အသံချဲ့စက်ဖွင့်သည်ကို ဆိုလိုကြောင်းနှင့် လူတို့သည် ယူဇနာပေါင်း မည်မျှပင်ဝေးသော် လည်း တစ်ဦးနှင့်တစ်ဦး မြင်တွေ့နေမည်ဆိုသည်မှာ အင်တာနက် ခေတ်တွင် တစ်ဦးနှင့်တစ်ဦး စကားပြောနိုင်သည်ကို ဆိုလိုကြောင်းရှည်ရှည်ဝေးဝေး ရှင်းပြတော့သည်။ နောက်ဆုံးအချက်ဖြစ်သည့် မွေးဖွားသူများသည် ယောက်ျားလေးဆိုပါက ငါးတောင်ခန့်အရွယ်အစားဖြင့် မွေးဖွားလာပြီး အသက်ကြီးပါက ဆယ်တောင်၊ မိန်းကလေးဆိုပါက ငါးတောင်အရွယ် အစားဖြင့် မွေးဖွားလာပြီး အသက်ကြီးပါက ရှစ်တောင် အရပ်အမောင်းရှိသည်ဆိုသည့်အပေါ် ‘‘မွေးလာတဲ့ ကလေးတွေ သက်သတ်လွတ်စားပြီးတော့ ငါးပါးသီလလုံခြုံတယ်၊ ကိုရင်ဝတ် ရင်ဆယ်ပါးသီလလုံမယ်။ မိန်းကလေးတွေ သီလရှင်ဝတ်ရင် ရှစ်ပါးသီလလုံတယ်လေ’’ ဟု ဆိုလေသည်။
အထက်ပါအချက်လေးချက် နှင့် ကိုက်ညီနေ၍ အလံတစ်ရာ သာသနာ့နယ်မြေသည် ဘုရားပွင့်မည့်နေရာဖြစ်ပြီး ခွန်တန်သည် ဘုရားလောင်းဖြစ်သည်ဟု ယုံကြည်ကြောင်း အားပါးတရပြောဆိုသည်။
၎င်းတို့ပြောသမျှကို စိတ်ဝင်တစားနားထောင်နေစဉ် ဒေါ်ခင်ရီကလည်း အသံခပ်ကျယ်ကျယ် ဖြင့် ‘‘ခွန်တန်က ကျောင်းမနေဘူး။ အားလုံးတတ်တယ်။ ကရင်စကားလည်းတတ်တယ်။ မွန်စကားလည်းတတ်တယ်။ အင်္ဂလိပ်စကားလည်းတတ်တယ်။ အားလုံးတတ်တယ်။ မတတ်တဲ့စကားမရှိဘူး။ တချို့ကမယုံဘူး။ ကျွန်မတို့ကယုံတယ်’’ ဟုပြောသည်။
ယင်းကဲ့သို့ မည်သည့်အတွက်ကြောင့် ယုံကြည်သလဲနှင့် ခွန်တန်အား ယုံကြည်ကိုးကွယ်နေ၍ မည်သို့အကျိုးကျေးဇူးရသလဲဟု မေးမြန်းရာ ဒေါ်ခင်ရီအပါအ၀င် ဆွေမျိုးတစ်သိုက်နှုတ်ဆိတ်သွားသည်။
ခွန်တန်၏ ဇာစ်မြစ်
ခွန်တန်သည် ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိကျေးရွာတစ်ရွာမှ ဖြစ်ပြီး ၎င်းအား ဦးဖိုးသာအောင် ဆိုသူက အလံတစ်ရာသို့ခေါ် ဆောင်လာခြင်းဖြစ်သည်။ အလံ တစ်ရာဆရာတော်၏ သားဘအရိ ယာက အိပ်မက်အရခေါ်ခိုင်း၍ (၉)နှစ်အရွယ်တွင် သွားရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဖိုးသာအောင်က ပြောသည်။ အလံတစ်ရာဆရာတော်ဝင်စားသည်ဟု ယုံကြည်လောက်သော အကြောင်းပြချက်ကို မေးမြန်းရာ ယုတ္တိရှိလောက်သော အကြောင်း ပြချက်မပေးနိုင်ပေ။ ခွန်တန်သည် အလံတစ်ရာဆရာတော်ကဲ့သို့ ခြေထောက်တစ်ဖက်နိမ့်နေခြင်းနှင့် လက်တစ်ဖက်ကြီးနေခြင်းကြောင့် အလံတစ်ရာဆရာတော်ဝင်စားသည်ဟု ယုံကြည်ကြောင်းဒေါ်ခင် ရီက ပြောသည်။ အခြားအချက် သုံးချက်ထက်မနည်း ပြောကြားသော်လည်း ရှေ့နောက်ညီညွတ်မှု မရှိပေ။ သို့သော် ခွန်တန်ကို အလံတစ်ရာဆရာတော်ဝင်စားသည်ဟု အပြည့်အ၀ယုံကြည်မှုရှိနေသည်။
ခွန်တန်ကို အလံတစ်ရာသို့ ခေါ်ဆောင်လာပြီး ငယ်စဉ်အချိန်မှစ၍ ဆယ်ကျော်သက်အရွယ်အထိ မြှောက်ပင့်ပေးထားကာ ကိုယ်ကျိုးအတွက် အသုံးချနေသည့် လူတစ်စုရှိနေသည်ဟု ယုံကြည်ကြောင်း အငြိမ်းစားဗိုလ်ကြီး ဦးခင်မောင်ကြည်က ပြောသည်။ ခွန်တန်နှင့်အဖွဲ့၏ လုပ်ရပ်များကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း ဦးခင်မောင်ကြည်ကဆို သည်။


ပအိုဝ်းတိုင်းရင်းသားဘာသာစကားအရ ခွန်၏အဓိပ္ပာယ်သည် ဘုရင်ဖြစ်ပြီး တန်ဆိုသည်မှာ ကြီးမြတ်ခြင်းဖြစ်သည်။ ခွန်တန်ဆိုသည်မှာ ပအိုဝ်းဘာသာ အဓိပ္ပာယ်အရ ကြီးမြတ်သောဘုရင်ဖြစ်သည်။ သို့သော် ခွန်တန်ကို မယုံကြည်သူများလည်း ရှိပါသည်။ အလံတစ်ရာတွင် နေထိုင်သည့် သထုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်ဦးကြည်သန်းကတော့ ဦးဖိုးသာအောင်၊ ဒေါ်ခင်ရီတို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော စကားတစ်ခွန်းကိုပြောသည်။
‘‘အဲဒီကောင်က ငါ့မြင်ရင် ကြောက်တယ်။ အနားမကပ်ဘူး။ လူနံ့ရလို့ မကပ်နိုင်ဘူးပြောတယ်။ တော်တော်တော့ ရယ်ရတယ်’’ ဟု ပြောသည်။
ဦးကြည်သန်း၏ တူတော်စပ်သော လူငယ်တစ်ဦးသည်လည်း ခွန်တန်၏နောက်လိုက်အဖြစ် နေခဲ့ဖူးပြီး ဦးကြည်သန်းကလက်မခံ၍ လမ်းခွဲလိုက်သည်ဟုဆိုသည်။ အဆိုပါလူငယ်ကို မေးမြန်းရာ ခေတ်ကောင်း၍ ခွန်တန်၏နောက်လိုက်အဖြစ် လုပ်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

ဒေသခံအများစုက အလံတစ်ရာဆရာတော်ဝင်စားသည့် ဘုရားလောင်းဟုဆိုကာ ယုံကြည်ကိုးကွယ်နေကြသော်လည်း ခွန်တန်၏ရုပ်ရည်သွင်ပြင်မှာ လူမိုက်ပုံပေါက်နေသည်။ ကိုယ်ခန္ဓာအပေါ်ပိုင်းတွင် ဆေးမင်ကြောင်များ ပြည့်နှက်နေပြီး ၎င်းဦးဆောင်သည့် လူငယ်အဖွဲ့က ဒေသခံအချို့၏ ဆိုင်ကယ်များ၊ ကားများနှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ဖူးကြောင်း မီးရှို့ခံခဲ့ရသူအချို့နှင့် ခွန်တန်၏လုပ်ရပ်များကို လက်မခံသည့် ဒေသခံများက ပြောသည်။
ထို့အပြင် ခွန်တန်က ၎င်းအားယုံကြည်သက်ဝင်သူမိသားစုဝင်များ၏ ချောမောလှပသော သမီးပျိုမိန်းကလေးများထံမှ ကာမလိမ်လည်ရယူနေသည်ဟုမွန်ပြည် နယ်ပအိုဝ်းတိုင်းရင်းသားရေးရာ ၀န်ကြီးဒေါ်နန်းစံဝင့်ခိုင်နှင့်သထုံ မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခိုင်ခိုင်လဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။ ၀န်ကြီးဒေါ်နန်း စံဝင့်ခိုင်နှင့် ဒေါ်ခိုင်ခိုင်လဲ့က ခွန်တန်၏ လုပ်ရပ်ကို ခေတ်သစ်ပန်း ဦးလွှတ်ခြင်းဟု သုံးနှုန်းပြောဆိုခဲ့ ပြီးနောက် ကိုးကွယ်ယုံကြည်မှုကို အကြောင်းပြကာ ဥပဒေမဲ့လုပ်ရပ်များဖြင့် အတွင်းလှိုက်စားနေသော အလံတစ်ရာဒေသ၏ ရှေ့ရေးအတွက် လူထုက အထိတ်တလန့် ဖြစ်ခဲ့သည်။
နာမည်ကြီးခဲ့သည့် ခေတ်သစ် ပန်းဦးလွှတ်ခြင်း
အလံတစ်ရာနယ်မြေရှိ ဗုဒ္ဓသစ္စာရပ်ကွက်တွင်နေထိုင်သော အသက်(၅၁)နှစ်အရွယ်ဦးဝင်း ညွန့်သည် သမီးရင်းနှစ်ဦးအရေး ကြောင့် ခွန်တန်(ခေါ်)ဇာတ်လိုက်အား ကာမလိမ်လည်မှုဖြင့်တရား စွဲဆိုနိုင်ရေး ကြိုးစားနေသော် လည်း အထမမြောက်ဖြစ်နေသည်။ ခွန်တန်သည် ဘာသာရေးအကြောင်းပြကာ ၎င်း၏ (၁၆) နှစ်မပြည့်သေးသော သမီးပျိုနှစ် ယောက်ကို တစ်နှစ်သာခြား၍ ရှေ့ဆင့်နောက်ဆင့် လက်ထပ် ခဲ့ကြောင်း ဦးဝင်းညွန့်က နာကြည်း စွာပြောသည်။
ဦးဝင်းညွန့်သည် ဗမာတိုင်းရင်းသားဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ ပအိုဝ်းတိုင်းရင်းသူဖြစ်သည်။ နှစ်ဦးစလုံး ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး ဇနီးသည်က ခွန်တန်ကိုအလံတစ်ရာဆရာတော်ြ

ကီး ဝင်စားသည်ဟု ယုံကြည်ကာ လွဲမှားစွာ ကိုးကယ်နေကြောင်း ဦးဝင်းညွန့်က စိတ်ပျက်စွာပြောသည်။ ၂၀၁၄ အတွင်း ဦးဝင်းညွန့်တစ်ယောက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေစဉ် သမီးအကြီးကို ခွန်တန်က လက်ထပ်ခဲ့ပြီး ၂၀၁၅ တွင် သမီးအငယ်ကို ထပ်မံလက်ထပ်ခဲ့ကြောင်း ပအိုဝ်းတိုင်းရင်းသားအယူအဆ အရ လက်ချည်ခြင်းသည် ဗမာ ဓလေ့အရ လက်ထပ်ခြင်းနှင့် အတူ တူပင်ဖြစ်ကြောင်း ဦးဝင်းညွန့်က ခံယူထားသည်။
‘‘လက်ချည်ဖို့လာပြောတော့ တို့ရပ်ကွက်က နိဗ္ဗာန်ဆော်ပါလာတယ်။ ဘာကိစ္စလဲမေးတော့ ဘုရားဒကာတော့ ထီပေါက်ပြီတဲ့။ ဘာကိုပြောတာလဲဆိုတော့ ဦးသမီးအငယ်မကို ဇာတ်လိုက်က လက်ချည်ချင်တယ်ပြောတော့ မ ဖြစ်နိုင်ဘူး ပြန်တော့လို့ ပြောလိုက်တယ်။ လက်မခံဘူးပြောတော့ ခင်ဗျားက ဘုရားဝင်းထဲနေပြီး ဘု ရားစိတ်ဓာတ်မရှိဘူးပြောတယ်’’ ဟု ဦးဝင်ညွန့်က ပြန်ပြောင်းပြော ပြသည်။
ခွန်တန်သည် ၎င်းအလိုရှိသည့် မိန်းကလေးများကို လက်ချည်ရန် ဆန္ဒရှိပါက ယင်းအပေါ် ကိုးကွယ်သူမိဘများက လိုလိုလားလား လက်ခံကြသည်။ လက်ချည်ပွဲကို ဖိတ်စာဖြင့်ဖိတ်၍ ပြုလုပ်သလို စင်ထိုး၍လည်း ပြုလုပ်ကြောင်း ခွန်တန်အားဆန့်ကျင်သူများရော ယုံကြည်နေသူများကပါ ပြောသည်။ လက်ချည်ပါက ငွေကြေး နှင့် ခြံကွက်များပေးကာ ဘုရားလောင်း၏ ပါရမီဖြည့်ဖက်အဖြစ် သိဒ္ဓိမြောက်ပြီဟု ဝါဒမှိုင်းတိုက်ကြောင်း ဦးဝင်းညွန့်က ပြောသည်။ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်ကလည်း ခွန်တန်၏လုပ်ရပ်များနှင့် ပတ်သက်၍ ‘‘ပအိုဝ်းပြည်သူတွေကလည်း ခွန်တန်ဟာ ဘုရားလောင်းဖြစ်တယ်ဆိုပြီး အလွန်ယုံကြည်ကြတယ်။ ဘုရားလောင်းဖြစ်တဲ့အတွက် သူ့ကိုယူလိုက်ရင် မိဖုရားဖြစ်တယ်ဆိုပြီး နားသွင်းထားကြတယ်။ တချို့မိဘတွေက ယုံလွယ်တယ်။ သူကတစ်ပြိုင်တည်းယူတာ မဟုတ်ဘူး။ အမျိုးသမီးတစ်ယောက်ကိုယူပြီးရင် တစ်လ၊ နှစ် လလောက်ပေါင်းပြီး မိဘအိမ်ပြန်ပို့တယ်။ အဲဒီကိစ္စကျွန်မမှာ တိုင်စာရှိတယ်။ မိန်းကလေးခြောက်ယောက်ကိုယ်စားမိဘတစ်ဦးက တိုင်ထားတယ်’’ ဟု ပြောသည်။
၂၀၁၄ မှ ၂၀၁၆ အတွင်း အလံတစ်ရာဒေသမှ မိန်းမပျိုခြောက်ဦးကို ခွန်တန်ကလက်ထပ်ခဲ့ကြောင်း အလံတစ်ရာဒေသရှိ အမှတ် (၉) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ အငြိမ်းစားယူခဲ့သူ တပ်မတော်အရာရှိဟောင်း ဦးခင် မောင်ကြည်က ပြောသည်။ ဦးခင်မောင်ကြည်က ခွန်တန်လက်ထပ်ခဲ့သော မိန်းကလေးများ၏ မိဘအမည်၊ နေရပ်၊ အသက်နှင့် နာမည်အပြည့်အစုံကို စာရင်းပြုစုထားသည်။ အတည်မပြုနိုင်သောမိန်းကလေး ၁၅ ဦးခန့် ကျန်နေသေးကြောင်း ၎င်းကဆက်လက် ပြောသည်။
‘‘ကျွန်တော့်အမြင်ပြောရရင်တော့ ခွန်တန်နဲ့အဖွဲ့က ယုံကြည်ကိုးကွယ်မှုကို မှိုင်းတိုက်လုပ်စားနေတာပဲ’’ ဟု ဦးခင်မောင်ကြည်က ပွင့်ပွင့်လင်းလင်း ပြောသည်။
ခွန်တန်၏ လုပ်ရပ်ကို ခေတ်သစ်ပန်းဦးလွှတ်ခြင်းဟု သုံးနှုန်းခဲ့သည့်အပေါ် ဝန်ကြီးဒေါ်နန်းစံဝင့်ခိုင်နှင့် ဒေါ်ခိုင်ခိုင်လဲ့အား ပအိုဝ်းတိုင်းရင်းသားအချို့က ဝေဖန်ခဲ့သည်။ ၎င်းတို့အနေဖြင့် အချိန်အတော်ကြာ လေ့လာခဲ့ပြီး ခြိမ်း ခြောက်မှုများကြားမှ အလံတစ်ရာဒေသ၏ အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဒေါ်ခိုင်ခိုင်လဲ့ကဆိုသည်။ ခေတ်သစ်ပန်းဦးလွှတ်ခြင်းဟူသော အသုံးအနှုန်းသည် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် အလွတ်သဘောပြောကြားခဲ့ပြီး ယင်းစကားကြောင့်ပင် အလံတစ်ရာဒေသ၏ လတ်တလောအ ခြေအနေကို အစိုးရက အာရုံစိုက်စေခဲ့ကြောင်းပြောသည်။ ခေတ်သစ်ပန်းဦးလွှတ်သည်ဆိုသည့် အသုံးအနှုန်းအပေါ် နားလည်မှုလွဲကာ ဝေဖန်နေသည့်အပေါ် ဒေါ်ခိုင်ခိုင်လဲ့က စိတ်မကောင်း ဖြစ်ရကြောင်း ပြောသည်။
အစိုးရ၏ တုံ့ပြန်မှု
မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာနယ်မြေတွင် အလံတစ်ရာဆရာတော်ဝင်စားသည်ဆိုကာ မိန်းကလေးများကို ပန်းဦးလွှတ်နေသူအား အမြန်ဆုံးစစ် ဆေးအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။
အလားတူခွန်တန်ကို ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ သာသနာညှိုး နွမ်းစေမှုဖြင့် ဖမ်းဆီးရန် လွန်ခဲ့သည့်နှစ်လကျော်ကပင် ဆောင်ရွက်နေစဉ် ၎င်းသည် ရှမ်းပြည်နယ် ဟိုပုံးမြို့သို့ ထွက်ပြေးတိမ်းရှောင် သွားကြောင်း မွန်ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာအေးဇံက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

ထို့ကြောင့် ခွန်တန်ကိုဖမ်းဆီးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ထား ကြောင်း ၎င်းကပြောကြားသည်
‘‘ပြည်နယ်သံဃမဟာနာယကက ဓမ္မစက်နဲ့ မရတော့လို့အာဏာစက်နဲ့လုပ်ပါဆိုပြီး စာပို့တယ်။ ဒါကြောင့် အရေးယူဖို့အတွက် ပုဒ်မကို ဥပဒေချုပ်နဲ့လည်း တိုင်ပင်တယ်။ ကက်ဘိနက်မှာလည်း တိုင်ပင်တယ်။ အဲဒါနဲ့ သာသနာညှိုးနွမ်းစေမှု ၂၉၅ နဲ့ဖမ်း ခိုင်းလိုက်တယ်။ ခွန်တန်ကတော့ လွတ်သွားတယ်။ ကျန်တဲ့ငါးဦးကို တော့ မိတယ်။ သထုံအချုပ်မှာ နှစ်လလောက်ရှိပြီ။ အခုတော့ ပြည်ထောင်စုဝန်ကြီးကလည်း ဆောင်ရွက်နေပြီ။ မဟနကလည်း ဆောင်ရွက်နေပါပြီ’’ ဟု ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။ သို့ သော်၎င်းကိုဖမ်းဆီးရေး အခက် တွေ့နေမှုတစ်ခုမှာ နစ်နာသူမိန်းကလေးများက မတိုင်ကြားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် မူးယစ်ဆေးပြားသုံးစွဲ ရောင်းဝယ်မှုရှိကြောင်း သတင်းရထားသော်လည်း လက်ပူးလက်ကြပ်မမိသေးဟုဆိုသည်။

ခွန်တန်အကြောင်း တိုင်ကြားစာများစွာသည် မွန်ပြည်နယ် လွှတ်တော်သို့လည်း ရောက်ရှိနေသည်။

‘‘ကျွန်မတို့ကော်မတီမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားစာ နှစ်စောင်ရှိတယ်။ လွှတ်တော်မှာ ဘယ်လိုစစ်ဆေးမလဲဆိုတာ ဆွေး နွေးတဲ့နေ့မှ သိမယ်။ တိုင်စာထဲမှာပါတဲ့သူတွေကို ခေါ်စစ်ဆေးမယ်’’ ဟု လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
သာသနာ့နယ်မြေ၏အကျပ်အတည်းများ
၁၈ ဧကကျော်ကျယ်ဝန်းသည့် အလံတစ်ရာသာသနာ့နယ် မြေတွင် အထူးခြားဆုံးသည် ရွှေတိဂုံစေတီတော်၏ ဉာဏ်တော်ထက် ၄၉ ပေမြင့်ပြီး ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပာယ်နေသော အလံ တစ်ရာ စေတီတော်ဖြစ်သည်။ ရွှေတိဂုံစေတီတော်သည် ဉာဏ် တော် ၃၂၆ ပေမြင့်ပြီး အလံတစ်ရာစေတီသည် ဉာဏ်တော် ၃၇၅ ပေမြင့်သည်။ (၁၀) နှစ်သားအ ရွယ် ရသေ့ငယ်တစ်ပါး၏ လက်အလံတစ်ရာဖြင့် တိုင်းထွာကာ အလံတစ်ရာဆရာတော်က မြန်မာသက္ကရာဇ် ၁၃၁၄ မှ ၁၃၃၄ အထိ နှစ်ပေါင်း ၂၀ ကျော်တည်ဆောက်ခဲ့ကြောင်း ဘုရားမှတ်တမ်းတွင် ဖော်ပြထားသည်။

အလံတစ်ရာ ဆရာတော် ဘဒ္ဒန္တစန္ဒနဝံသသည် မြန်မာသက္ကရာဇ် ၁၃၅၆ (၁၉၉၅ ) တွင် ပျံလွန် တော်မူပြီးနောက် သားဖြစ်သူ ဦးပဉ္စင်း ဦးအရိယာဝံသက သာသနာ့နယ်မြေကို ဆက်လက်ထိမ်းသိမ်းခဲ့သည်။ အလံတစ်ရာ သာ သနာ့နယ်မြေထဲတွင် သစ်ပင်သစ် ရိပ်များ အုံ့ဆိုင်းနေပြီး စေတီငယ် များနှင့် ဘုရားဆင်းတုပေါင်း ထောင်ချီ၍ ရှိသည်။ တောင်ထိပ်များပေါ်မှာ ထုံးဖြူဖြူနှင့် စေတီငယ်များက သပ္ပာယ်စွာတည်ရှိနေသည်။ မြေနီလမ်းများနှင့် ကွန်က ရစ်လမ်းများက အချိုးအစားညီ စွာ ပြန့်ပြန့်ပြူးပြူးရှိနေသည်။ မြွေ လိမ် မြွေကောက်လမ်းကို တက်ကာ တောင်ထိပ်ပေါ်မှ တက်၍ဖူး မြော်ပါက အလံတစ်ရာစေတီသည် ခံ့ညားထည်ဝါစွာဖြင့်ရှိနေသည်။

ဆရာဒကာမျှတစွာဖြင့် အေးချမ်းနေချိန်တွင် အလံတစ်ရာ ဆရာတော်ဝင်စားသည်ဟုဆိုကာ သာသနာ့နယ်မြေသို့ အသက် (၉) နှစ်အရွယ်ခွန်တန်သည် ၂၀၀၃ နောက်ပိုင်းတွင် ရုတ်တရက် ရောက်လာပြီးနောက် အခြေအနေ ရှုပ်ထွေးကုန်သည်။ ဆရာတော်ဝင်စားသည်ဟု ယုံကြည်မှုလွန်ကဲသူများနှင့် မယုံကြည်သူများဟူ၍ နှစ်ဖက်ကွဲကာ အလံတစ်ရာစေတီ တော် ဂေါကပအဖွဲ့ မဖွဲ့နိုင်ခဲ့ တော့ပေ။ စေတီတော်နှင့်သာသ နာ့နယ်မြေ၏ ဝင်ငွေ၊ ထွက်ငွေကို အသက် (၂၀) အရွယ်ခန့်သာရှိ သော ခွန်တန်နှင့် ၎င်းအားယုံကြည် ကိုးကွယ်သူရသေ့အချို့က လက်ဝါးကြီးအုပ်ထားကြောင်း စေတီ တော်အနီး နေထိုင်သူများကပြော သည်။

‘‘ဘ အရိယာ (အလံတစ်ရာ ဆရာတော်၏ သားဦးအရိယာဝံ သ) က သူ့ဖခင်ဝင်စားတယ်လို့ဆိုပြီး သိပ်ယုံတာကိုး။ ဒီကောင်ဘာလုပ်လုပ် အကုန်အလိုလိုက်တော့ ထိန်းမရဖြစ်ကုန်တာ။ တလွဲအယူဝါဒတွေပါ ပါလာတော့ ပိုဆိုး ကုန်ရော’’ ဟု ဦးခင်မောင်ကြည်က ပြောသည်။ အလံတစ်ရာစေတီ တော်နှင့် ပတ်သက်သော ပြဿနာ သည် ၂၀၁၇ နှစ်လယ်တွင် အမြင့်ဆုံးဖြစ်လာသည်။ ခွန်တန်ဦးဆောင်သည့်အဖွဲ့က စေတီတော်ကြီးကို အုတ်ဘိလပ်မြေတို့ဖြင့် ငုံ၍ တည်ဆောက်မည်ဟုဆိုကာ စေတီတော်၏ မူလရှိသော ရွှေများကို ခွာချခဲ့သည်။ ယင်းသတင်းထွက်ပေါ်လာပြီးနောက် သာသနာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် လုပ်ငန်းများ ရပ်ဆိုင်းလိုက်ကာ ယင်းလုပ်ရပ်တွင် ပါဝင်သူ ငါးဦးကို ဖမ်းဆီးခဲ့သည်။ စေတီတော်၏ ရွှေများကိုခွာကာ ပြန်လည်တည်ဆောက်မည့် လုပ်ရပ်အပေါ် သံသယဝင်ခဲ့သည်။ စေတီတော်၏ ထီးတော်တွင် တန်ဖိုးကြီး ရွှေ၊ ငွေ၊ ရတနာများရှိနေကြောင်း အလံတစ်ရာဆရာတော်အား ကိုးကွယ် ခဲ့သူများက ပြောသည်။ ဆရာတော်အား ကိုးကွယ်ခဲ့သူဖြစ်ပြီး အလံတစ်ရာ သာသနာ့နယ်မြေသန့်ရှင်းရေးဆောင်ရွက်နေသော သထုံမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပါတီအလုပ်အမှု ဆောင် ဦးကြည်သန်းက စေတီတော်၏ စိန်ဖူးတော်တွင် ကျောက်မျက်ရတနာ အလုံးပေါင်း ၁,၀၂၄ လုံး၊ ရွှေသား တစ်ပိဿာရှစ်ဆယ် နှစ်ကျပ်သားနှင့် ငှက်မြတ်နား တော်တွင် ကျောက်မျက်အလုံးရေ ၁,၈၀၀ ကျော် ပူဇော်ထားကြောင်းပြောသည်။ ရွှေအစစ်နှင့် လုပ်ထားသော ဆင်းတုတော်အချို့လည်း ထီးတော်တွင် ပူဇော်ထားကြောင်း ရှင်းပြသည်။

လက်ရှိအချိန်တွင် အလံ တစ်ရာ စေတီတော်ကြီးသည် အကြွေးတင်ရှိနေသည်။ ခွန်တန်ပါဝင်သည့်အဖွဲ့က စေတီတော်ကို ပြန်တည်ဆောက်ရန် အုတ်၊ ဘိလပ်မြေများကို ဆောက်လုပ်ရေး ပစ္စည်းဆိုင်များမှ အကြွေးယူထားပြီး လက်ရှိအချိန်တွင် အကြွေးကျပ်သိန်းတစ်ထောင်ကျော်ပေးရန် ကျန်ရှိနေကြောင်း 7Day News က စုံစမ်းသိရှိခဲ့သည်။

စေတီတော်ကြီး၏ အရန်စေတီငယ်များကို ယခုခေတ်ပေါ် ဘိလပ်မြေအုတ်များဖြင့် တစ်ပိုင်းတစ်စငုံထားသည့် မြင်ကွင်းက ရှေးဟောင်းစေတီတော်ကြီး၏ သပ္ပာယ်မှုကို ပျောက်ကွယ်စေသည်။ စေတီတော်ဘေး ကပ်လျက်၌ အုတ်ခဲအချို့ပြန့်ကျဲနေသည်။ သာသနာ့အလံမဟုတ်ဘဲ နေနှင့်လဟု အဓိပ္ပာယ်ရသော မှူး-လာဟု ရေးထားသည့် အလံအချို့ စေတီတော်ဘေးတွင် လွှင့်ထူထားသည်။ ယင်းအလံများသည် ခွန်တန်နှင့်အဖွဲ့က ဖန်တီးထားခြင်းဟု ဒေသခံအချို့ကပြောသည်။ ခွန်တန်အိပ်စက်ရန် နေရာဟုဆိုကာ ဆီမီး၊ ပန်းတို့ဖြင့် ခင်းထားသည့် တန်ဆောင်းတစ်ခုအတွင်းရှိ အိပ်ရာပေါ်တွင်လည်း အနီရောင်စာလုံး‘မှူး’၊ အဝါရောင် စာလုံး‘လာ’ရေးသားထားသော သုံပေပတ်လည်ခန့် အဖြူရောင်ဖျင်စတစ်စတွေ့ခဲ့သည်။ မတူညီ သော နေရာများတွင် ယင်းကဲ့သို့ အိပ်ရာမျိုး သုံးခုထက်မနည်း တွေ့ခဲ့သည်။ ဒေါ်ခင်ရီကတော့ အဆိုပါ အိပ်ရာကို ရှိခိုးနေသည်။
သာသနာ့နယ်မြေ သန့်စင်ရေး
ဆရာတော်ဝင်စားသည်ဟုဆိုသော ဘာသာရေးမှိုင်းတိုက်ခံရသော အလံတစ်ရာသာသနာ့နယ်မြေကို ယခင်ကာလများကဲ့သို့ ပြန်လည်တည်ဆောက်လိုပါက အချက်သုံးချက်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အငြိမ်းစားဗိုလ်ကြီး ဦးခင်မောင်ကြည်က အကြံပြုသည်။ ခွန်တန်၏လုပ်ရပ်များ ရပ်တန်းကရပ်ရေး ထိန်းချုပ်နိုင်ရန်နှင့် စေတီတော် ဂေါပကအဖွဲ့ကို စနစ်တကျပြန်လည်ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ နောက်ဆုံးတစ်ချက်အနေဖြင့် အယူအဆလွဲမှားနေသော ဒေသခံများအား ဒေသတွင်းသြဇာကြီးမား သော ဆရာတော်ကြီးများက လမ်းမှန်ရောက်အောင် နည်းလမ်းပြဆုံးမပေးရန် လိုအပ်နေကြောင်း အကြံပြုသည်။
မွန်ပြည်နယ် လွှတ်တော်တွင် ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌတာဝန်ယူထားပြီး အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ခိုင်ခိုင်လဲ့က ခွန်တန်နှင့် ပတ်သက်သည့် အလံတစ်ရာဒေသမှ ဥပဒေမဲ့မှုများကို အမြန်ဆုံးအရေးယူပေးရန် အစိုးရအား တိုက်တွန်းထားသည်။ အလံတစ်ရာဒေသမှ အမျိုးသမီးနှင့် ကလေးငယ်များ၏ အနာဂတ်လှပရန် ဒေသခံပအိုဝ်း တိုင်းရင်းသားများအပေါ်တွင်လည်း မူတည်နေကြောင်း သူက ပြောသည်။

ယင်းအခြေအနေတွင် အလံတစ်ရာသာသနာ့နယ်မြေမှ တန်ဆောင်းတစ်ခုထဲတွင် မိန်းကလေးအများစုပါသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အရွယ်ခန့် ပအိုဝ်းတိုင်းရင်းသားကလေးငယ် ၂၀ ဦး ခန့်က မီးပူဇော်ထားသည့် ပလ္လင် တစ်ခုရှေ့တွင် နမောတဿအစချီ၍ ဘုရားရှိခိုးနေသည်။ ပလ္လင် ပေါ်၌ ဘုရားဆင်းတုတော်အချို့၊ ဆရာတော်ကြီးများ၏ ပုံတော်အချို့နှင့်အတူ ခွန်တန် (ခေါ်) ဇာတ်လိုက်၏ သင်္ကန်းဝတ်ထားသည့် ဓာတ်ပုံတစ်ပုံပါဝင်နေသည်။ သို့သော်ဓာတ်ပုံအပြင်က ဇာတ်လိုက်ကတော့ သာသနာ့နယ်မြေမှ ထွက်ပြေးနေရပြီဖြစ်သည်။
Credit to 7Day News Journal

Photo 1 ~ အလံတစ်ရာသာသနာ့နယ်မြေအတွင်းရှိ ဆင်းတုတော်တစ်ဆူအောက်ခြေတွင် အလံတစ်ရာဆရာတော်၊ သာမညဆရာတော်တို့၏ ဓာတ်ပုံများနှင့်အတူ ခွန်တန်ပုံကို ယုံကြည်သူများက ပူဇော်ထားစဉ် (ဓာတ်ပုံ-စိုင်းဇော်)
Photo 2 ~ အလံတစ်ရာ သာသနာ့နယ်မြေအတွင်းရှိ သာသနိကအဆောက်အအုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)
Photo 3 ~ ခွန်တန်အား ယုံကြည်ကိုးကွယ်သူများက ၎င်းအတွက် ရည်စူးပြုလုပ်ထားသည့် အိပ်ခန်းဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)
Photo 4 ~ ခွန်တန်အား ကိုးကွယ်ယုံကြည်သူများ၏ ပူဇော်ပသမှု (ဓာတ်ပုံ-စိုင်းဇော်)
Photo 5 ~ အလံတစ်ရာ သာသနာ့နယ်မြေအတွင်းသို့ ကထိန်အလှူ လာရောက်ပြုလုပ်နေသည့် သထုံဒေသခံများ (ဓာတ်ပုံ-စိုင်းဇော်)